photo mudontu_zps19921382.gif

မှတ်သားစရာစာပေများ

မေ့ထားခြင်းခံရတဲ့ရိုးရိုးရှင်းရှင်းအသိအမှတ်ပြုခြင်း
ကျမ ရေးနေတဲ့ သီးစစ်လေး တစ်နေ့ က ပြီးတော့ ဒီ သီးစစ် ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီ ကြသူများ ကို ကျေးဇူးတင်ကြောင်း (Acknowledgement) ရေးရင်း အတွေးလေးတွေ စဉ်းစားမိပါတယ်.. စာတစ်စု ဖြစ်မြောက်ဖို့ ဆိုတာ ရေးတဲ့ သူ  တစ်ယောက် ပဲ ဆိုပေမယ့် ကျမ ကျေးဇူး တင်ရမယ့် သူတွေ များနေပါတယ်..သူတို့ မရှိရင် ကျမ ဒီလို မရေးနိုင်ပါဘူး.. ဒါကြောင့် ကျမ သူတို့ ကို အသိမှတ်ပြု ပေးခဲ့တာပါ။ ဒီ လို အသိမှတ်ပြု acknowledgement ရေးသင့်တယ် လို့ လည်း ကျောင်း က ညွှန်ကြားထားခဲ့ပါတယ်။ စာရေးနေတုန်း အချိန်က လည်း ဆိုရိုးတွေ ထည့်တဲ့ အခါ ဘယ်သူ က ပြောခဲ့တာလဲ ဆိုတာ လိုက်ရှာပြီး ထည့်ရပါတယ်.. ဒါလည်း ပြောခဲ့တဲ့ သူ ကို အသိမှတ်ပြု ခြင်း တစ်ခု ပါပဲလား။ သူများ လုပ်ထားတဲ့ အရာ တစ်ခု သူများပြောခဲ့တဲ့ ဆိုးရိုးလေးတစ်ခု ကို ကိုယ့် စကားလိုလို မသုံးသင့်ဘူး.. ဒါမျိုးလေးတွေ ထည့်ပေးရမယ် လို့ သင်ကြားပေးပါတယ်.. ကျမ တို့ အခု facebook မှာ ဆိုရင်လည်း တစ်ယောက်ရဲ့ ဓါတ်ပုံ စာတွေ ကို credit to ဆိုပြီး ရေးကြပါတယ်.. ဒါ ကိုယ်ရေးတာ မဟုတ်ဘူး.. ရေးတဲ့ သူ ကို အသိမှတ်ပြုပေးလိုက်တာပါ။ တကယ်တော့ ဒါတွေ ဟာ အသေးအမွှားပေမယ့် အရေးကြီး တယ် လို့ ကျမ မြင်ပါတယ်။ အဲလို လုပ်ခြင်းဖြင့် မူရင်း လုပ်ခဲ့ တဲ့ သူ ကိုလည်း မကွယ် ပျောက်စေသလို.. သူပြန်တွေ့ တဲ့ အခါကျရင်လည်း ပီတိ ဖြစ်မိမှာပါ။
 
အသိမှတ်ပြု ခြင်း ဆိုတဲ့ နောက် ဆက်တွဲ လေး ကို ကျမ ထပ်တွေးကြည့်ခဲ့တယ်.. website တွေ ရုံး မေးလ် တွေ ပို့ တဲ့ အခါ ကိုယ့် ကို acknowledgement ဆိုပြီး ပြန်လာပါတယ်… အဲလို ပြန်လာ တဲ့ အခါ အော် ငါ့မေးလ်လေးရောက်သွားပါလား သိရပါတယ်.. သူတို့ တစ်ခု ခု ပြန်လာရင်တော့.. ကိုယ် နှစ်သက်တဲ့ အဖြေဖြစ်စေ မဖြစ်စေ.. ကိုယ်မေးထားတာ လေး ကို အသိမှတ်ပြု အကြောင်းပြန်ပေးတာ ကို ပဲ ကျေးဇူးတင်ရဦးမယ်လေ.. ကျမ ရဲ့ အထက်အရာရှိကို ကျမ မေးလ်တွေ ပို့ ဖူးပါတယ်.. သူမအားလို့ ရှိရင်တော့ တိုတို တုတ်တုတ်နဲ့ နောက် ငါအကြောင်းပြန်မယ် လို့ပြောပါတယ်.. အော် သူသိထားပြီဆိုတဲ့ သဘော ပြောလိုက်တာပါ. ကျမ ဘက် ကလည်း သူသိသွားပြီးဆို တာ သိလိုက်၇ပါတယ်။ for your information လို့ ပို့ တဲ့ အခါ ဆိုရင်လည်း လူကြီး လူကောင်းတော်တော်များများ က noted with thanks လို့ ပြန် ပို့ တတ်ပါတယ်။ စာပို့ တဲ့ လူ လည်း ကိုယ့် ပြောတဲ့ Information သူရောက်သွားပြီဆိုတာ သိရတာပေါ့…အကြောင်း ပြန်ကြားချက် လိုတဲ့ ကိစ္စတွေမှာ တကယ်လို့ ဘာမှ အကြောင်းမပြန်ရင်တော့ တစ်ပတ်လောက်စောင့်ကြည့်ပြီး gentle reminder လို့ ပို့ လေ့ရှိပါတယ်.. အဲဒီ အခါ ကျရင်တော့ သူတို့ မတွေ့လိုက် လို့ အလုပ်ရှုပ်နေရင်း မေ့သွားလို့ လို့ တောင်းပန်ပြန်ပြောလေ့ရှိပါတယ်.. ဘာပဲ ဖြစ်ဖြစ် ပို့ တဲ့ လူ က ကျေနပ်သွားတာပဲ လေ… ဒါပေမယ့် ဒီ အမူအကျင့်တွေ က မြန်မာ ပြည်မှာ မဟုတ် တာ ကို စိတ်မကောင်း စွာ သတိထားမိပါတယ်..
 
အင်္ဂလန် နိုင်ငံ မှာ ကျမ သတိထားမိတာ တစ်ခု ရှိပါတယ်.. သူတို့ ဆီ မှာ Thank you. Thanks ဆိုတာ သွင်သွင် ပြောပါတယ်။ လမ်းဘေးမှာ လမ်းလျှောက်သွားရင်း ပလက်ဖောင်းမှာ မလွတ်မလပ် ဖြစ်တဲ့ အခါ ကိုယ် က ရပ်ပေးလိုက်ရရင် သူ က Thanks လို့ ပြောပါတယ်။ သူ က ရပ်ပေးလို့ ကိုယ် က ပြောရင်လည်း  it is OK တို့ welcome တို့ ပြန်ပြောရင် ပြော မပြောရင် ပြန်ပြုံးပြကြပါတယ်။ လှေခါး အတက်အဆင်း အိမ်သာ အ၀င်အထွက် နေရာတိုင်း အဲလို တွေ ပြောကြပါတယ်..  ဘတ်စ်ကားပေါ်မှာ ဦးစားပေးနေရာ မှာ ကိုယ် က ထိုင်နေ.. ဦးစားပေးရမယ့် သူ လာ လို့ ကိုယ် ထ ပေးတဲ့ အခါ ကျရင် လည်း သူ က thank  you တဲ့ .. တကယ် တော့ သူထိုင်ခွင့် ရှိတဲ့ နေရာ ကိုယ် က ထိုင်နေတာနော်.. ကိုယ့်  ကို မျက်စောင်းတောင် ပြန်ထိုးရင်တောင် ရတာ ကို အဲလိုလေး ပြောတော့ ထ ပေးလိုက်၇တဲ့ သူလည်း ကျေနပ်သွားတာပါပဲ။
 
တစ်ခါ က ကျောင်းမှာ ဆွေးနွေးကြတဲ့ စကားဝိုင်းလေးမှာ ဘာမှ မပြောပဲ နေခဲ့ ဖူးပါတယ်။ သူတို့ ပြော တာ တွေ က ကျမ မကြားဖူးတာဆိုတော့ နားလည်အောင် နားထောင်နေရ ကိုယ့် ဘာသာစကားကလည်း မဟုတ်တော့ ပြောရင် မှားမှာ လည်း စိုးတော့ ပြန်မပြော ဖြစ်ခဲ့တာ.. ဒါကို ဆရာ က သတိထားမိပါတယ်.. ကျမ ကို မေးပါတယ်.. နင့်အမြင်ရော.. ကျမ တို့ ဆီ မှာ ဆို ဒါ ဒေါက်ဖြုတ် တာ လို့ မြင်မှာ ပါ။ ကျမ ကလည်း သူများရီချင်လည်း ၇ီ လှောင်ချင်လည်းလှောင်တော့.. ဒါနားမလည် နေဘူး. နင်တို့ ပြောတာတွေ က ငါအတွက် အသစ်တွေချည်းပဲ ဆိုတော့ ဆရာ က ဘာတွေ သစ်တယ်လို့ နင်ထင်လဲ တဲ့.. ကျမ က ပြောပြတာ ပေါ့.. ဒါနဲ့ သူ က ကျမ ကို Thank you လို့ ပြောတဲ့ အပြင် well done လို့ ပြောသွားတယ်.. ကျမ လည်း ဘာ မှ ထူးထူး ခြား ခြား မလုပ်ဘဲ နဲ့ သူ က ဒီလိုပြောတော့ ကျမ က ရွဲ့ တာလားလို့ တောင်ထင်ရတယ်.. နောက်မှ သူ က ထပ်ပြောတယ်… ငါ သိစေချင်တာ ကို နင် ကောင်းကောင်း လိုက်နားထောင် ပြန်ပြောနိုင်တဲ့ အတွက် တဲ့.. အော် ကိုယ်က ကျောင်းသား နားထောင်၇မှာကိုယ့်တာဝန် ဒါကို သူက တခုပ်တရ ကျေးဇူးတင် ချီးကျူးနေသေးတယ် ..  ဒါကလည်း ကျောင်းသားတစ်ယောက် ရဲ့ လိုက်နာမှုလေးကို အသိမှတ်ပြုပေးလိုက်တာ ဖြစ်ပါလိမ့်မယ်.. ကျမတို့ အရှေ့တိုင်းကျောင်းသားတွေ မှာ language barrier တွေ စိုးထိတ်မှုတွေ ရှိတယ် ဆိုတာ ဆရာသိပုံ၇တယ်.. သူဒီလိုပြောလိုက်တော့ ကျမ စိတ်ထဲ တကယ် ၀မ်းသာ သွားခဲ့တယ်.. အဲဒီ နေ့ က စ ကျမ အတန်းထဲမှာ စကားပြောရမှာ ဆွေးနွေး၇မှာ တက်ကြွ စွာ ပါဝင်ဖြစ်ခဲ့တယ်.. သူ့ ရဲ့ လူရာသွင်း အသိမှတ် ပြု မှု တစ်ခု က အဖြူကြား ထဲမှာ ယောင်လည်လည်ဖြစ်နေတဲ့ ကျမ အတွက်တော့ တော်တော် အရေးပါခဲ့ပါတယ်။
 
ကျမတို့ အလုပ်လျှောက်ကြတဲ့ အခါ မှာ လည်း စနစ်ကျတဲ့ ကုမ္ပဏီအများစု က အလုပ်မခေါ် ဖြစ်ခဲ့လည်း နင် CV အတွက် interview လာတဲ့ အတွက် ကျေးဇူးတင်တယ်..ငါတို့ ကုမ္ပဏီ ကို စိတ်ဝင်စားလို့ ၀မ်းသာတယ်.. ဒါပေမယ့် ငါတို့ ရွေးတဲ့ အထဲ မှာ တော့မပါဘူး အနာဂတ် မှာ အဆင်ပြေပါစေ.. .. ဆိုပြီး အကြောင်း ပြန်တတ်ကြတယ်.. မရွေးလို့ မသိလိုက် မသိ ဘာသာ မထားပစ်ခဲ့ ဘူး.. လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှု ကို အသိမှတ်ပြု ပေးကြတယ်.. အရွေးမခံ ရတဲ့ သူ ကလည်း ရှင်းရှင်းလင်းလင်း သိသွားတယ်.. မျှော် နေစရာ မလိုတော့ဘူးး ဘာဆက်လုပ်၇မယ် ဆိုတာ သိသွားတော့ အဆင်ပြေတာပေါ့။
 
ကျမသတိထားမိတဲ့ နောက် အကြောင်းအရာ တစ်ခု က ဆရာဝန်နဲ့ လူနာ ဆက်ဆံ တဲ့ အခါ ပါ။ ကျမတို့ ဆရာဝန် တွေက အလုပ်၂ ခု ကို တပြိုင် တည်း လုပ် တတ်ကြတယ်.. စာေ၇းရင်း စကားပြော တတ်ကြတယ်။ လူနာ အတွက် စာရေးနေရင်း လူနာ ပြောတာကိုလည်း နားထောင်တတ်ကြပါတယ်.. ဒါပေမယ့် စာပဲ ငုံ့ရေးနေပြီး ဘာမှ ပြန်မပြောနေတဲ့ အတွက် လူနာ က သူပြောတာ နားမထောင်နေဘူးလို့ ထင်လေ့ ရှိကြပါတယ်.. ဒါ အားနည်းချက် တစ်ခု အဖြစ် ကျမ ကြုံတွေ့ ခဲ့ ၇ပါတယ်.. အဲဒီ နောက်တော့ စာရေးနေပေမယ့် သူပြောနေတာ လေး ကို စကားလေး ထောက် ထောက် ပေး တော့ ဆရာဝန်နဲ့ လူ နာ ဆက်ဆံ ရေး အဆင်ပြေပါတော့ တယ်.. ဒါဟာလည်း သူပြောနေတာ ကြားပါတယ်.. စိတ်ထဲရောက်ပါတယ် ဆိုပြီး အသိအမှတ်ပြု ပေးလိုက်တာပါ။
 
ကိုယ့်အိမ်မှာ... တစ်ခါတစ်လေ ကျရင် ကလေးတွေက ကိုယ့် ကို စကား လာပြောတဲ့ အခါ ကိုယ် က နားထောင် နေပေမယ့် သူတို့ ပြန်မကြည့်တဲ့ အခါ ပြန်မပြောတဲ့ အခါ ကိုယ့် ကို ခဏခဏ မေးနေတာ မျိုး သူတို့ ကို ကြည့်အောင် မျက်နှာရှေ့ ကပ်လာတာမျိုး ကိုယ့်မေးစေ့ကို သူတို့ဘက် ဆွဲလှည့်တာမျိုး ကြုံဖူးကြမှာပါ။ သူတို့ ပြောတာလေး ကို နားထောင်နေတယ် ဆိုတာ သိအောင် “ဒါပေါ့ ဟုတ်တာပေါ့ ဟုတ်တယ်..”လို့ ပြန်ပြော ပေးလိုက်ရင် ကလေးလည်းကျေနပ်သွားတာပါပဲ..  ကလေးတွေ ကအစ သူတို့ကို အသိမှတ်ပြုပေးတာကို ကြိုက်တယ်ဆိုတဲ့ သဘောလို့ ကျမမြင်ပါတယ်.. ဗီဒီယိုကားတွေကြည့်တဲ့ အခါ ပညာပေး ကြော်ငြာတွေ မှာတစ်ခါ တစ်ခါ် ပြတတ်တယ်.. ကလေး က စာရွက်လေးယူလာပြီး TV ကြည့်နေတဲ့ မိဘတွေ ကို ပြဖို့ ကြိုးစားတယ်.. မိဘတွေ က ဘာမှ မပြောကြတော့ ကလေးက ခေါင်းလေးငုံ့ ပြီး ပြန်လှည့်သွားတယ်.. နောက်တော့ မိဘ က သတိထားမိပြီး ကလေး ကို အသိအမှတ်ပြုပေးလိုက်တော့ ကလေးလည်းပျော် စာလည်းတော် ဖြစ်လာတာပေါ့.. 
 
တကယ်တော့ လူမှုဆက်ဆံရေးလောက မှာ အသိမှတ်ပြု ခြင်း ဆိုတာ အရေးကြီး ပါတယ်… လူတစ်ဦးနဲ့ တစ်ဦး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အသိမှတ်ပြု ပေးလိုက် တာ ဟာ တစ်ယောက် ကို တစ်ယောက် လေးစားရာ ရောက်သလို တစ်ယောက် ဆိုလိုရင်း ကို တစ်ယောက် သိလိုက်တယ်လို့ လည်း အဓိပ္ပါယ် ရောက်ပါတယ်.. ဆက်ဆံ နေတဲ့ သူအချင်းချင်း လည်း အပစ် ပယ် ခံ လို့ မခံ စားရသလို အချင်းချင်း ဆက်ဆံေ၇း ကို လည်း ပိုမို ပြေပြစ်စေပါတယ်..  ဒါဟာ အချင်းချင်း နားလည်မှု ရဲ့ အခြေခံ အစလို့ ပြောရပါလိမ့်မယ်.. နေ့စဉ် ဖြတ်သန်းနေတဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေမှာ ဒီလိုဘာမှ မဟုတ် တဲ့ ရိုးရှင်း လွယ်ကူတဲ့ အသိမှတ်ပြု ခြင်း အသေးအဖွဲ လေးတွေ ကို ကျမတို့ တွေ ဘာလို့ များ မလုပ်နိုင်ကြတာလဲ.. လုပ်ရမှာ ကို မသိကြတာလား သိလျက်သားနဲ့ မလုပ်ကြတာလား.. ဒါမှမဟုတ် ရိုးရှင်းလွန်းလို့ မေ့နေကြတာလား ..မေးခွန်းတွေ နဲ့ ပဲ… ကိုယ် ဘက်ကတော့ လူတွေ ကို အသိမှတ်ပြု နိုင်အောင် ကျမ  စ ကြိုး စား နေပါတယ်.. 
 
(ဒီ စာစု ဖြစ်မြောက်ရေးအတွက် ကျမအား ခံစားချက် တစ်စုံတစ်ရာ ပေးခဲ့သူများ.. စာအဆုံးထိရေးဖြစ်အောင် အားပေးခဲ့ကြသူများ စောင့်မျှော် ဖတ်ရှုကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်...)........(ရေးသားသူ)..မဝေ(မုဒုံမြို့ )https://www.facebook.com/hello.ma.wai
MUDON သူ MUDON သားများ https://www.facebook.com/groups/172706626143794/မှပြန်လည်ကူးယူတင်ပြလိုက်ပါသည်
_______________________________________________________________________________________

No comments:

Post a Comment